ရန်ကုန် ၂၄  မတ်

သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် အဓိကအသုံးပြုနေရသည့် ပြည်တွင်း စက်သုံးဆီဈေးမှာ ဇန်နဝါရီလဆန်းတွင် တစ်လီတာလျှင် ငွေကျပ် ၈၁၅ ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီလဆန်းတွင် ငွေကျပ် ၈၀၀ ဝန်းကျင်အထိ ဈေးကျလာရာမှ မတ် ၂၁ ရက်တွင် တစ်လီတာလျှင် ငွေကျပ် ၄၇၀ သာရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ ။

ရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် အငှားယာဉ်မောင်းများမှာ စားဝတ်နေရေးအတွက် စက်သုံးဆီဈေးအပေါ် မှီခိုအားထားနေရသည်။ ယခင်က နေ့စဉ်စက်သုံး ဆီ ငွေကျပ်တစ်သောင်းဖိုးခန့်ထည့်ပြီး ပြေးဆွဲခဲ့ရာမှ ယခုအခါ ငွေကျပ် ၇၀၀၀ သာ ကုန်ကျသဖြင့် အဆင်ပြေမှုရှိကြောင်း သိရသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များမှာ စက်သုံးဆီဈေး ဆက်တိုက်ကျဆင်းနေမှုကြောင့် အနည်းငယ် အဆင်ပြေသော်လည်း COVID-19 ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွင် အခက်အခဲအနည်းငယ်ရှိကြောင်း သိရသည်။

COVID-19 ရောဂါအခြေအနေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအချို့ ရပ်တန့်ထားကာ ဝယ်လိုအား ကျဆင်းသည့်အတွက် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည် ။

မတ် ၂၁ ရက် စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ငွေကျပ် ၄၇၀ ၊ အောက်တိန်း 95 တစ်လီတာလျှင် ငွေကျပ် ၆၀၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၅၈၀၊ ဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၅၇၀ ရှိသည်။ လက်ရှိစက်သုံးဆီဈေးနှုန်းမှာ ဧပြီလအထိ ဆက်တိုက်ကျဆင်းနိုင်ကြောင်း သုံးစွဲသူ ယာဉ်မောင်းများက ခန့်မှန်းကြသည်။

အောင်သူရ