ကန့်ဘလူ ၂၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကံကြီး(နောက်)ကျေးရွာတွင် နွေရာသီသောက်သုံးရေ ရှားပါးမှုမရှိစေရေး ရည်ရွယ်ကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေသားမိုးရေလှောင်ကန် တူးဖော်လျက်ရှိကြောင်း သိရသည်။
ကံကြီး(နောက်)ကျေးရွာ မြေသားမိုးရေလှောင်ကန်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် မွမ်းမံရန်ပုံငွေကျပ်သိန်း ၇၀ ဖြင့် အလျားပေ ၂၀၀၊ အနံပေ ၂၀၀၊ အနက် ၆ ပေ တူးဖော်ခြင်းလုပ်ငန်းကို အဆိုပါဌာနမ ှဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါ မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက်ကစတင်တူးဖော်ခြင်းဖြစ်ပြီး ယခုအခါ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဟန်ထွန်းအောင်နှင့်ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည်မီရေး အလေးထားဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကံကြီး(နောက်)ကျေးရွာဒေသခံပြည်သူများအပြင် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အကျိုးပြု မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးဟန်ထွန်းအောင်က ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


