မူဆယ်  ၂၄  မတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များကို ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စဉ်ဆက်မပြတ် ပေးအပ်ထောက်ပံ့လျက်ရှိရာ မတ်လ(၂၃)ရက် နံနက်ပိုင်းက ခရိုင်စုပေါင်းရုံး၌ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်ဘူးများနှင့် အဖျားတိုင်း သာမိုမီတာများ  ထပ်မံပေးအပ် ထောက်ပံ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က “ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်မှုတွေကို ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းပြီး အရှိန်အဟုန်ပြင်းထန်စွာ ဆောင်ရွက်ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို ကာလကြာရှည်စွာ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးချက်များ လုပ်ဆောင်တဲ့အခါမှာ လိုအပ်ချက်များရှိပါက ကူညီပံ့ပိုး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုများကို  သတိရှိစွာ ကိုင်တွယ်ဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို  အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း”ပြောကြားပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက မူတယ်မြို့အတွင်း ရှေ့ဆက်လုပ်ဆောင်သွားမည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အကြံပြုဆွေးနွေးသည်။

 

ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင် စိုးသန့်က မူဆယ်မြို့ပညာရေးဦးစီးဌာနများ အသုံးပြုရန် စုစုပေါင်းကျပ်(၂၁၂၅၀၀၀)တန်ဖိုးရှိ အဖျားတိုင်း သာမိုမီတာ(၂၅)ခု၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ အသုံးပြုရန် စုစုပေါင်း ကျပ် (၃၅၈၀၀၀၀)တန်ဖိုးရှိ နှာခေါင်းစည်း(၆၀၀၀)ခုနှင့် လက်သန့်ဆေးရည်ဘူး (၁၀၀)ပေးအပ်ခဲ့ပြီး မူဆယ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များထံသို့ ဆက်စပ်ပစ္စည်းပေးအပ်ထောက်ပံ့မှုတွင် ကျပ်သိန်းပေါင်း(၄၀၀)ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

 

ကိုမိုင်း(ပြန်/ဆက်)