မြဝတီ ၂၄ မတ်
Covid-19 ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မြဝတီမြို့ နယ်စပ်ဂိတ်များကို မတ်လ ၂၁ ရက်နေ့တွင် ပိတ်သိမ်းခဲ့ရာ ထိုင်းနိုင်ငံရှိ မြန်မာပြည်သူပြည်သားများ အဆင်ပြေစွာ ပြန်လာနိုင်ရေးအတွက် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် -၂ တံတားကို မတ်လ ၂၁ ရက်နေ့မှစပြီး မတ်လ ၂၃ ရက်နေ့အထိ ဖြတ်သန်းခွင့်ပြုပြီး ဖြတ်သန်းလာသူများကို Covid 19 ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ရေး အနေဖြင့် မြဝတီခရိုင် ကျန်းမာရေးဌာနအနေဖြင့် နေပြည်တော်၊ ဘားအံနှင့် ကော့ကရိတ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အင်အားဖြည့်ပူပေါင်းပြီး အပူချိန်တိုင်းခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့်ကျန်းမာ ရေးစစ်ဆေးခြင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာပြည်သူပြည်သားများ အဆင်ပြေစွာ ပြန်လာနိုင်ရေးအတွက် မတ် ၂၁ ရက်မှ ၂၃ ရက်အထိ မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား ၂ ကို ဖြတ်သန်းခွင့်ပြုရာ ထိုင်း နိုင်ငံရှိ မြန်မာပြည်သူ ပြည်သားများ ၁၄၉၉၅ ဦး မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)ကို မတ်လ ၂၃ ရက်နေ့ ည ၇ နာရီအချိန်တွင် ပိတ်ခဲ့သည်။
အဆိုပါဖြတ်သန်းမှုကို ပိတ်ခဲ့ပြီးနောက် မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) Border Control Facilities BCF Zone ၌ Disinfectance (Surgital) ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းကို မတ်လ ၂၃ ရက် ည ၈ နာရီတွင် ဆောင်ရွက်ခဲ့ပြီး ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြို့မိ/မြို့ဖ ဒေါက်တာကိုကိုအောင်၊ မီးတပ်သတ်ဖွဲ့များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှထွန်းနှင့်အဖွဲ့များ၊ ZRescue မှ ကိုဇော်ဇော်နှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


