ဆီဆိုင် ၂၄ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ပြည်ပနိုင်ငံများမှ အလုပ်လုပ်ပြီး ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများ စာရင်းကောက်ယူခြင်းကို မတ် ၂၄ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကောက်ယူရာတွင် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်၊ ရပ်/ကျေးစာရေး ဦးစောဌေးအောင်နှင့် သက်ဆိုင်ရာနယ်မြေမှူးများတို့က ပြည်ပနိုင်ငံများမှ အလုပ်လုပ်ပြီး ပြန်လည်ရောက်ရှိလာကြသော ရွှေ့ပြောင်းလုပ်သားများအား သွားရောက်တွေ့ဆုံ စာရင်းကောက်ယူပြီး Covid-19 နှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
"မိမိတို့၏ နေအိမ်အတွင်း ၁၄ ရက် နေထိုင်ကြရန်နှင့် မိမိအိမ်သို့ မည်သူမှလာရောက် တွေ့ဆုံခြင်းမပြုရန်၊ မိမိ မိသားစုနဲ့လည်း သီးခြားခွဲ၍ နေထိုင်ကြရန်တို့ကို ရှင်းလင်းပြောကြားပေး ခဲ့ကြောင်းနှင့် အောင်ချမ်းသာရပ်ကွက်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် အရေအတွက်မှာ ယနေ့အချိန်ထိ လာအိုနိုင်ငံမှ တစ်ဦး၊ ထိုင်းနိုင်ငံမှ ၁၅ ဦးရှိပြီဖြစ်ကြောင်း" အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောသည်။
ခွန်ရဲထွေး(ဆီဆိုင်)


