မန္တလေး ၂၄  မတ်         

 

မန္တလေး၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ယာယီပိတ်ထားကြောင်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်ကော်မတီမှ သိရသည်။

 

8489

 

" ပိတ်လိုက်တယ်ဆိုတာထက် လူစုလူဝေးခွဲတယ်လို့ပဲ အဓိပ္ပာယ်ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားသလိုတော့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ မနေ့ညက ရန်ကုန်မှာ အခြေနေအရ ၂ ဦးလောက် မကောင်းဘူးဆိုတော့ ကျန်းမာရေးအရ ကျောက်ဝိုင်းကို မနက်အစောကြီးကတည်းက ဆေးဖျန်းတာမို့ လူစုလူဝေးခွဲနေတာပါ။ ကျောက်ဝိုင်းသူ ကျောက်ဝိုင်းသားတွေ အတွက်ကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ရောင်းဝယ်ဖောက်ကားစေချင်တယ်။ သို့သော်လည်း အခုကာလက ကမ္ဘာနဲ့ချီ ဆောင်ရွက်နေရတာဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးဌာနကနေ ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပေမယ့် အားလုံးကို ကောင်းအောင်ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားပေးပါ့မယ်။ " ဟု မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အကျိုးဆောင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပြောသည်။

 

မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းသည် မြန်မာပြည်ကိုယ်စားပြု ပြည်တွင်း ကျောက်မျက်ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ရောင်းဝယ်လုပ်ကိုင်သူများဖြင့် စည်ကားလျက်ရှိရာ နေ့စဉ်အဝင်အထွက် လူပေါင်းတစ်သိန်းကျော်ရှိကြောင်းနှင့် မန္တလေးတွင် အစား  အသောက်များ အခက်အခဲရှိလာပါက မန္တလေးကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သက်သာဈေးနှုန်း များဖြင့် ဆန်၊ဆီ၊ဆားများ ရောင်းချရန် အစီစဉ်ရှိကြောင်း သိရသည်။

 

" ကျွန်တော် ဒီကိုရောက်ရောက်ခြင်း သိရတာက ယာယီကျောက်ဝိုင်းလေး ရပ်ဆိုင်းလိုက်တဲ့ အကြောင်းပြီးတော့ အတွင်းထဲမှာ ပိုးသတ်ဆေးတွေ ဖျန်းနေတာကိုလည်း တွေ့ရပါတယ်။ ကျောက်ဝိုင်းကို မှီတင်းနေထိုင် ကျောက်အရောင်းဝယ်လုပ်ကိုင်နေကြတဲ့ လူတွေက များပါတယ်။ ဒါပေမယ့် ဒီအသက်အန္တရာယ်ထက်တော့ တခြားဟာတွေ မစွန့်စားသင့်ပါဘူး။ " ဟု ကျောက်အရောင်းဝယ် လုပ်ကိုင်သူဦးငယ်မှ ပြောသည်။

 

လက်တလောတွင် မန္တလေးမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ခေါက်ဆွဲဆိုင်များကို ဆိုင်ထိုင်စား ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ပါဆယ်သာ ရောင်းချကြရန် မတ်လ (၂၄) ရက်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများမှ ဈေးဆိုင်များသို့ ညွှန်ကြားစာများ ထုတ်ထားကြောင်းနှင့် မန္တလေး တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ် အပါအဝင် မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်အများစု ယာယီပိတ်သိမ်း ထားကြောင်း သိရသည်။

 

ထိပ်ထားနိုင်