မြိတ် ၂၄ မတ်
မြန်မာနိုင်ငံတွင် Covid 19 ရောဂါပိုး(၂)ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မတ်လ (၂၃)ရက် ညပိုင်းကထုတ်ပြန်ခဲ့ရာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ တက္ကသိုလ်(၃)ခုတွင် စာမေးပွဲများ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ပညာရေးဖွဲ့၏ မတ်လ(၂၄)ရက် နံနက်ပိုင်းက ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ယနေ့မှစတင်ကာ မြိတ်တက္ကသိုလ်နေ့သင်တန်းစာမေးပွဲအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဖြေဆိုရန်ကျန်ရှိသည့် ဘာသာရပ်များကို စာမေးပွဲ ပြန်လည်ကျင်းပသည့်အခါတွင် ဆက်လက်ဖြေဆိုရမည်ဖြစ်ပြီး ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ထားရှိသည်။
ထို့အတူ နည်းပညာတက္ကသိုလ်(မြိတ်)တွင် (၁၉-၃-၂၀၂၀ မှ ၁-၄-၂၀၂၀ အထိ) ကျင်းပလျက်ရှိသည့် ပထမ နှစ်ဝက်စာမေးပွဲကို ယနေ့နံနက်မှစ၍ ယာယီရပ်ဆိုင်းခဲ့ပြီး ဖြေဆိုပြီးသားဘာသာရပ်များကို ပြန်လည်ဖြေဆိုရန် ကျန်ရှိသောဘာသာရပ်များကို အစားထိုးဖြေဆိုရမည့်ရက်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားရှိသည်။
“လောလောဆယ်တော့ ကျောင်းသား/သူများကို ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြန့်ပွားမှုထိန်းချုပ် နိုင်ရေးအတွက် စာမေးပွဲတွေကို ရပ်ဆိုင်းလိုက်တာပါ။ စာမေးပွဲ ပြန်ဖြေရင်လည်းတရားဝင် ကြေညာမှာပါ။ ဒီနေ့မှစပြီး ပိတ်လိုက်တာပါ” ဟု ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန္တာဝင်းက ပြောသည်။ တက္ကသိုလ်များတွင် အဆောင်အနေကျောင်းသား/သူများအား မိမိနေရပ်ထံ ပြန်ရန်အခက်အခဲများရှိပါက တာဝန်ရှိသူများအား ဆက်သွယ်အကြောင်းကြားကြရန် ကြေညာချက်ထုတ်ပြန်ထားရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


