နေပြည်တော် ၂၄ မတ်
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက COVID-19 ရောဂါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ရမည့် ကော်မတီ များကို နေပြည်တော်၊ ခရိုင်၊ မြို့နယ်အဆင့်မှ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖွဲ့စည်းထားကြရန်၊ COVID-19 ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို အလေးထားလိုက်နာကြရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ အဆင့်ဖြစ်နေ၍ ပြည်သူများက ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုမိုထိရောက်သော ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က COVID-19 ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန များအနေဖြင့် စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း


