ရန်ကုန် ၂၄ မတ်

 

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းရှိ ချယ်ရီသင်္ဘောများနှင့် လက်မှတ်ရုံတို့၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူများ၊  ချယ်ရီသင်္ဘောဝန်ထမ်းများ၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မတ်လ ၂၃ ရက်နေ့ ည ၈ နာရီ ခွဲက  စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

“ ဒီသင်္ဘောဆိပ်က အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူတွေ သွားလာနေကြတဲ့ ဆိပ်ကမ်း တစ်ခုဖြစ်ပါတယ်၊ (ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းမှ ချယ်ရီသင်္ဘော(၃)စီးနဲ့  နေ့စဉ်ခရီးသည်ပြည်သူ (၂၆၀၀၀)ခန့် ကို  အသွား/အပြန် ပို့ဆောင်ပေးလျက်ရှိပါတယ်၊  ဒါကြောင့် လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါလို့ ခေါ်နေကြတဲ့ COVID-19 ရောဂါကို မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးဖျန်းခြင်း အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ခရီးသည်တွေ အဆင်ပြေစေရေးအတွက် သင်္ဘောခရီးစဉ်ကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမှာပါ၊  ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုလည်း ပုံမှန်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့် ကပြောသည်။

           

ချယ်ရီသင်္ဘောဝန်ထမ်းများနှင့် ရန်ကုန် ပန်းဆိုးတန်း/ဒလ လက်မှတ်ရုံတို့ရှိ ဝန်ထမ်းများသည်  ခရီးသည်များ ထိတွေ့မှုများခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ပွားစေရေးအတွက် မိမိကစ၍ ကာကွယ်နိုင်ရန် ဝန်ထမ်းများအား နှားခေါင်းစည်းများ တပ်ဆင်ရေးနှင့်  လက်ဆေးခြင်းတို့ကို မကြာခဏ ပြုလုပ်ဖို့ ပြောကြားထားကြောင်း၊ လက်မှတ်ရုံအတွင်း ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်္ဘောဆိပ်နှင့် လက်မှတ်ရုံ တို့အား နေ့စဉ်သန့်ရှင်းရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊ ရေဆေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို  ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

           

ထို့အတူ  ဒလသင်္ဘောဆိပ်၌ ယနေ့ နံနက်ပိုင်းက  ဒလမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီး ဦးဆောင်၍  ကျန်းမာရေးဆရာ၊ ဆရာမများက ခရီးသွားမိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မဖြစ်ပွားစေရေးနှင့်  ကြိုတင်ကာကွယ်ရေးတို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးချက်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း မြင်တွေ့ရသည်။

           

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်း၌ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများစွာ တို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက် နေရာတစ်ခုဖြစ်သည့် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှ တစ်ဆင့် ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းသို့ ကူးသန်းသွားလာကြရာတွင်  ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ချယ်ရီ သင်္ဘော(၃)စီးဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ နေ့စဉ်(၄၆)ခေါက်နှုန်းဖြင့် အလှည့်ကျ ကူးတို့ ပြေးဆွဲပေးနေပြီး တစ်ရက်လျှင် ခရီးသည် (၂၆၀၀၀) ခန့်ကို ပို့ဆောင်ပေးလျက်ရှိသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

                                                                                                      

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)