မတ္တရာ  ၂၄  မတ်

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များကြောင့် အထပ်မြင့် အဆောက်အဦးများတွင် မီးလောင်မှုများဖြစ်ပေါ်ခဲ့ပါက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်မှုကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့ အမှတ်(၅)ရပ်ကွက်ရှိ ထင်ပေါ်တည်းခိုခန်းတွင် လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အထက်မြင့်အဆောက်အဦများတွင် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာမည့် အဆောက်အဦပြိုကျခြင်းများ၊ မီးလောင်မှုများတွင် အခန်းတွင်းပိတ်မိနေသူများကို ရှာဖွေကယ်ထုတ်ခြင်း၊ မီးငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် တည်းခိုခန်းရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသ ငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)