မုံရွာ ၂၄ မတ်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးအစား(၆)မျိုးပါ လမ်းခင်းကျင်းဖောက်လုပ်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်ထံမှ သိရသည်။
“လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်ဖို့ တိုင်းဒေသကြီးအတွင်းက ခရိုင်(၉)ခုမှာ တည်ဆောက် ပေးနေတာဖြစ်ပါတယ်၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရန်ပုံငွေတွေနဲ့ လုပ်ဆောင်ပေးတာဖြစ်ပါတယ်၊ အခုအခြေအနေမှာတော့ လုပ်ငန်းအားလုံးရဲ့ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီ၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်၊ လမ်းတွေကို ရေရှည်သုံးစွဲနိုင်ဖို့နဲ့ လမ်းအမျိုးအစားလိုက် အရည်အသွေးကောင်းမွန်ဖို့အတွက်ကို ဌာနအနေနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးကြပ်မတ်လုပ်ဆောင်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်က ပြောသည်။
လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း RC လမ်း ၉ မိုင် ၇ ဒသမ ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၂ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၁၅ မိုင် ၃ ဒသမ ၅ ဖာလုံ၊ ကျောက်ချောလမ်း ၁၅ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၃၀ မိုင် ၆ ဒသမ ၅ ဖာလုံ၊ မြေသားလမ်း ၃၁ မိုင် ၅ ဖာလုံ စုစုပေါင်း လမ်းအရှည် ၁၃၆ မိုင် ၄ ဒသမ ၅ ဖာလုံအား ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


