နေပြည်တော် ၂၄ မတ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးကျော်စိုး တို့ ဦးဆောင်သော အဖွဲ့သည် မတ် ၁၇ ရက်မှ ၂၀ ရက်အထိ ကချင်ပြည်နယ်၊ အကျဉ်းဦးစီးဌာန လက်အောက်ရှိ ပူတာအို အကျဉ်းထောင်နှင့် မြစ်ကြီးနား အကျဉ်းထောင် တို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ပူတာအိုမြို့နယ် တရားရုံးအချုပ်ခန်း၊ မြို့မရဲစခန်းအချုပ်ခန်း၊ မြစ်ကြီးနား မြို့မရဲစခန်းအချုပ်ခန်း၊ အမှတ် (၂) ရဲစခန်းအချုပ်ခန်း၊ ခရိုင်/ မြို့နယ် တရားရုံး အချုပ်ခန်း၊ ခုတင် (၅၀ဝ) ဆံ့ ဆေးရုံ အချုပ်ဆောင်များကိုလည်း ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အဖွဲ့သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်များ၊ ရဲစခန်း အချုပ်ခန်းများ၊ တရားရုံးအချုပ်ခန်းများနှင့် ဆေးရုံအချုပ်ဆောင်များကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသော အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံ ကာ လူ့အခွင့်အရေး ဖောက်ဖျက်ခံရခြင်း ရှိ မရှိ၊ အကျဉ်းထောင် အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိ၊ မရှိတို့နှင့် စပ်လျဉ်း၍ မေးမြန်းမှတ်တမ်း တင်ခဲ့ကြပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက် တွန်းချက်များ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။
(သတင်းစဉ်)


