ကျိုက်မရော ၂၄ မတ်
ကျိုက်မရော မြို့ချောင်းနှစ်ခွ တံတားမြို့အဝင်ဂိတ်တွင် ယနေ့မွန်းလွဲ ၂ နာရီက ထိုင်းနိုင်ငံမှ အလုပ်လုပ်၍နေရပ်ပြန်လာသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး၍ အသိပညာပေးခြင်း လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ အဆိုပါနေရပ်ပြန် အလုပ်သမားများသည် မြဝတီမြို့မှတစ်ဆင့် နယ်စပ်ဖြစ်သော ချောင်းနှစ်ခွကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်းမှစတင်ကာ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း၊ အဆိုပါနေရပ်ပြန်သူများအား ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ဝင်းဇော်နှင့် ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Hand GeL ဖြင့် လက်များသန့်စင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ယင်းတို့နေထိုင်ရာ ကျေးရွာများသို့ အဆင်ပြေချောမွေ့ ရောက်ရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)


