ဆိပ်ဖြူ ၂၄ မတ်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဆိပ်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာန ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားရှိသည့် ကာကွယ်သစ်တောများမှ ထွက်ရှိသော ထင်းများကို ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခြင်းကို မတ် ၂၄ ရက် နံနက် ၁၀ နာရီက သပြေကာကွယ်တောနှင့် ဝန်ယူကြိုးပြင် ကာကွယ်တောတို့တွင် ပေးအပ်ခဲ့သည်။
သပြေကာကွယ်တောနှင့် ဝန်ယူကြိုးပြင် ကာကွယ်တောများမှ သဘာဝပေါက်ရောက်သစ်ပင်များ တောထိန်း၊ တောပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုင်းချိုင်၊ ပင်ပူးခွာခြင်းလုပ်ငန်း (ဓမ္မတာ) မျိုးဆက်ခြင်းလုပ်ငန်းများမှ ထွက်ရှိသော ထင်းများဖြစ်ပြီး ထွက်ရှိလာသောထင်းများကို ဒေသခံတောင်သူများ နေထိုင်စားသောက်ရေး လုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်နိုင်စေရန် ပေးအပ်ကြောင်း သိရှိရသည်။
အဆိုပါထင်းများကို ဒေသခံတောင်သူများထံ အခမဲ့ဖြန့်ဝေရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဉီးကျော်ဆန်းအောင်နှင့် ဒေါ်သက်မွန်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအေးပိုင်၊ မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးအရာရှိ ဉီးသန်းမြင့်နှင့် ဌာနဆိုင်ရာများက သပြေဓမ္မတာမျိုးဆက်ခြင်း ကာကွယ်တော ဧက (၁၀၀)မှ ထွက်ရှိသော ထင်းများကို ရွာသာအေးကျေးရွာ ဒေသခံပြည်သူများကို လည်းကောင်း၊ ဝန်ယူကြိုးပြင်ကာကွယ်တော ဧက (၁၀၀၀) ပထမနှစ် သဘာဝတောကျန် ထိမ်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဓမ္မတာမျိုးဆက်ခြင်း ဧက (၁၀၀) မှ ထွက်ရှိထင်းများကို ရွာသာကုန်းကျေးရွာ ဒေသခံတောင်သူများကို လည်းကောင်း အခမဲ့ပေးအပ်ခဲ့ကြသည်။
ယခုနှစ်တွင် ကာကွယ်သစ်တောမှ ကိုင်းချိုင်၊ ပင်ပူးခွာခြင်းလုပ်ငန်း (ဓမ္မတာ) မျိုးဆက်ခြင်းလုပ်ငန်းများမှ ထင်းတန်ချိန် (၁၇)တန်ကျော်ထွက်ရှိကာ ဒေသခံတောင်သူများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(ပြန်/ဆက်)


