ဗန်းမော် ၂၄ မတ်
ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ စာမေးပွဲဖြေဆိုမှုများကို မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဗန်းမော်တက္ကသိုလ် ပညာရေးအဖွဲ့၏ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ကူးစက်မြန် Covid-19 ရောဂါပိုး ကြိုတင်ကာကွယ်သည့် အနေဖြင့် မတ် ၁၈ ရက်မှ စတင်ဖြေဆိုလျက်ရှိသော ဗန်းမော်တက္ကသိုလ်၏ စာမေးပွဲများအားလုံးကို မတ် ၂၄ ရက် နံနက်ပိုင်းက စတင်၍ ရပ်ဆိုင်းလိုက်သည်။
အလားတူ နည်းပညာတက္ကသိုလ်(ဗန်းမော်)၏ ၂ဝ၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်ဝက်စာမေးပွဲကို မတ် ၁၉ ရက်က စတင်ဖြေဆိုခဲ့ရာ တက္ကသိုလ်ပညာရေးအဖွဲ့ သဘောတူဆွေးနွေး ဆုံးဖြတ်ချက် အစည်းအဝေးအမှတ်စဉ် (၁ဝ/၂ဝ၂ဝ) အရ လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် ကျင်းပနေသော First Semester စာမေးပွဲကို တက္ကသိုလ်ပညာရေးအဖွဲ့၏ အရေးပေါ်ဆုံးဖြတ်ချက်အရ မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်းနှင့် စာမေးပွဲဖြေဆိုရန် ကျန်ရှိနေသာ ဘာသာရပ်များအတွက် ပြန်လည်ဖြေဆိုရမည့်ရက်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတက္ကသိုလ်များ၏ ကြေညာချက်အရ သိရှိရသည်။
ကိန်းဖြူ (ပြန်/ဆက်)


