မော်လမြိုင် ၂၄ မတ်
မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် ကျိုက်မရောအဝိုင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းနှင့် ထိန်းချုပ်ကာကွယ်ခြင်း လုပ်ငန်းအား မတ် ၂၁ ရက်မှ ယနေ့ထိ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး စောင့်ကြပ်ကြည့်ရှု စစ်ဆေးမှုလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၊ ဘိုဘိုဝင်း (Rescue) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်များမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဘားအံ၊ ကော့ကရိတ်နှင့် မြဝတီဘက်မှလာသည့် ပြည်သူများကို အဓိကထားပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဦးဘိုဘိုဝင်း (ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)က ပြောသည်။
မော်လမြိုင်မြို့အဝင် ကျိုက်မရောအဝိုင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး စောင့်ကြပ်ကြည့်ရှု စစ်ဆေးမှုလုပ်ငန်းကို မတ် ၂၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ မတ် ၂၃ ရက်အထိ လူဦးရေ ၈၀၀၀ နီးပါးခန့် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ မတ် ၂၃ ရက်တွင် အဖျားအနည်းငယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးမှုများခံယူခဲ့ရာ အဆိုပါနှစ်ဦးသည် ယနေ့နံနက်တွင် အဖျားကျသွားပြီးဖြစ်သော်လည်း (၁၄)ရက် စောင့်ကြည့်သွားမည့်ဖြစ်ကြောင်း ဦးဘိုဘိုဝင်း (ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)ထံမှ သိရသည်။
ဝေလင်း(ပြန်/ဆက်)


