ရန်ကုန် ၂၄ မတ်

 

ရန်ကုန်မြို့နေ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေး စောင့်ရှောက်မှုနှင့် COVID-19 ရောဂါ ကြိုတင်ဟန့်တား ကာကွယ်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို မတ် ၂၅ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန အနေဖြင့် ရန်ကုန်မြို့တော်နေ ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို အပတ်စဉ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နေ့များတွင် ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ OSS ခန်းမ၌ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် Coronavirus Disease 2019 (COVID-19) ရောဂါအား စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ ဖြစ်ပေါ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားရှိရာ ရန်ကုန်မြို့တော်နေ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေး စောင့်ရှောက်မှုနှင့် COVID-19 ရောဂါ ကြိုတင်ဟန့်တား ကာကွယ်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နေ့များတွင် ဆောင်ရွက်ပေးသည့် ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို မတ် ၂၅ ရက်မှစ၍ ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ဖြစ်သည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ဆိပ်ကမ်း) မြို့နယ်များ၊ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ အလုံမြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များကို မိမိတို့နေအိမ်များမှလည်းကောင်း၊ နီးစပ်ရာ Online စနစ်ဖြင့်လည်းကောင်း နေ့စဉ်ရုံးချိန်အတွင်း လျှောက်ထားနိုင်ပြီး ထိုသို့ Online စနစ်ဖြင့် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် အထောက်အထားပြု တင်ပြရမည့် စာရွက်စာတမ်းများ၊ ဆောင်ရွက်ရန်အစီအစဉ်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ Website www.ycdc.gov.mm တွင် ဝင်ရောက်ကြည့်ရှု၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

ထို့အပြင် လမ်းမတော်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တာမွေမြို့နယ်များ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို အပတ်စဉ်ရက်သတ္တပတ်၏ (ဗုဒ္ဓဟူးနေ့) ရုံးဖွင့်ရက်တွင် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂ နာရီအထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကာ လက်ရှိလျှောက်ထားပြီးဖြစ်သော မြေစီမံမှုများ၏ ခွင့်ပြုထုတ်ယူရန်ကိစ္စရပ်များကို အပတ်စဉ်ရက်သတ္တပတ်၏ (ဗုဒ္ဓဟူးနေ့) ရုံးဖွင့်ရက်တွင် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂ နာရီအထိ ခွင့်ပြုထုတ်ပေးခြင်းကိုလည်း ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း