ထန်းတပင် ၂၄ မတ်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့်အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကာ နေရပ်သို့ ပြန်လည်ရောက်ရှိလာသူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းများ၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို မတ် ၂၄ ရက် မွန်းလွဲပိုင်းက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့တွင် ထိုင်းနိုင်ငံမှ အလုပ်လုပ်ကိုင်ကာ နေရပ်သို့ ပြန်လည်ရောက်ရှိလာသူများအား ၎င်းတို့၏နေအိမ်များတွင် ကိုယ်အပူချိန်များ တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ/မရှိ၊ အလုပ်လုပ်ကိုင်ခဲ့သည့် နေရာများနှင့် အမည်စာရင်း ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းနောက် နှာစည်း၊ ချောင်းဆိုး၊ လည်းချောင်းနာခြင်းများ ဖြစ်ပေါ်လာပါက မြို့နယ်ပြည်သူ့ဆေးရုံသို့ အမြန်ဆုံးလာရောက် ပြသကြရန်၊ နေအိမ်ရှိ မိသားစုဝင်များမှ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကလည်း ဆေးရုံသို့ လာရောက်ပြသကြရန်နှင့် ပြန်ရောက်သည့်ရက်မှ သတ်မှတ်ကာလ (၁၄)ရက်အတွင်း နေအိမ်ရှိ မိသားဝင်များနှင့် သီခြားခွဲနေထိုင်ခြင်းနှင့် နေအိမ်မှ အခြားသို့မထွက်ခွာကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

ထို့အပြင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်မှုများကိုလည်း ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ထားသလို အရေးပေါ် အခြေအနေများအတွက်လည်း (Isolation Room) ကူးစက်ရောဂါ သီးသန့်အဆောင်ကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းက လက်ရှိကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းပြခဲ့သည်။

 

ဇင်မင်းထိုက်(ထန်းတပင်)