နေပြည်တော် ၂၄ မတ်
Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀၀ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းတွင် လာရောက် လှူဒါန်းရာ Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ လက်ခံသည်။
လှူဒါန်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက COVID - 19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် မြန်မာနိုင်ငံသို့လည်း စတင်ဝင်ရောက်လာပြီဖြစ်ရာ ပြည်သူအားလုံးအတွက် အစိုးရနှင့်အတူ ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အခန်း(၁)၊ ပုဒ်မ ၂ (ခ) ၌ ဘေးအန္တရာယ်ဟု ဆိုရာတွင် သဘာဝဘေး၊ လူကြောင့်ဖြစ်သော ဘေးများသာမက ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများလည်း ပါဝင်ကြောင်း၊ သဘာဝဘေးကျရောက်စဉ်တွင် ပြည်သူများ လှူဒါန်းထားသောငွေများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေ စာရင်းတွင် ထည့်သွင်းထားရှိပြီး ဘေးနှင့် ပတ်သက်၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရာတွင် အကျိုးရှိစွာအသုံးပြုလျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ပြည်သူ့ထံသို့ ပြည်သူများလိုအပ်ချိန်တွင် သုံးစွဲနိုင်ရန် ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
သတင်းစဉ်


