ရန်ကုန် ၂၄ မတ် 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ (COVID-19) ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကူးစက်ရောဂါကာကွယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံသံရုံး၌ ပြုလုပ်သည်။

 

9068

 

လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး လီဆွမ်းဟွာက လွှဲပြောင်းပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ ကူးစက်ရောဂါကာကွယ်ရေး ဝတ်စုံများ လွှဲပြောင်းပေးအပ်သည်။

 

9085

 

ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆွမ်းဟွာက “ကိုရီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့  အမျိုးမျိုးသောကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ အခု (COVID-19)ရောဂါ ဖြစ်ပွားလာတဲ့ အခြေအနေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားမိခဲ့ပါတယ်။ အခုချိန်မှာ ပထမဆုံး အဆင့်အနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ပေးအပ်တာကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီရောဂါကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်နေတဲ့ အတွက်ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်း တစ်ကမ္ဘာလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုမိုထိရောက်တဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ (COVID-19) ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

ယနေ့ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ (COVID-19) ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကူးစက်ရောဂါကာကွယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်ရာတွင် ကိုးရီးယားနိုင်ငံတကာ ကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) မှ ကာကွယ်ရေးဝတ်စုံ (anti-conta mination clothing) အစုံ တစ်ထောင်နှင့် ခွဲစိတ်ခန်းသုံး လက်အိတ် အစုံငါးသောင်း၊ KM Health Care မှ ခွဲစိတ်ခန်းသုံးဝတ်စုံ အစုံတစ်သောင်းနှင့် Nurse caps အလုံး တစ်သောင်း၊ ကိုရီးယားကိုယ်စားပြု NGO တစ်ခုဖြစ်သည့် Good Neighbors မှ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေး ကိရိယာ (test kits) အခု ငါးထောင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-နေလင်း