မိုင်းယောင်း ၂၄ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မတ် ၂၄ ရက်က မိုင်းယောင်း-မိုင်းဖြတ်သွားလမ်းပေါ်ရှိ မုန်းလိုက်တံတား၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မုန်းလိုက်တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်မြို့များမှ ပြန်လည်ရောက်ရှိလာသည့် မိုင်းယောင်းနေပြည်သူများ၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးကိစ္စရပ်များ ဆောင်ရွက်ရန် မိုင်းယောင်းသို့ လာရောက်သည့် အခြားမြို့နေ ပြည်သူများအား Infrared Thermometer စက်(၃)လုံးဖြင့် COVID-19 ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့်ပတ်သက်ပြီး သံသယလူနာ မတွေ့ရှိရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းယောင်းတွင် ပြည်သူများ COVID-19 ရောဂါအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်တားဆီးကာကွယ်ရေး အသိပေးချက်များကို တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်လျက်ရှိပြီး “စောစောပြော၊ စောစောသိ၊ အားလုံးအကျိုးရှိ” ဖို့အတွက် ပြည်သူထံသို့ ပန်ကြားချက်များကိုလည်း အထူးအလေးထား ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


