နေပြည်တော် ၂၄ မတ်
ရန်ကုန်မြို့၌ မတ် ၁၄ ရက်တွင် ကျင်းပခဲ့သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် ထိခိုက်မှုရှိမည့် လုပ်ငန်းများတွင် ထိခိုက်မှုလျော့နည်း သက်သာရေးအတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရမည့်ကိစ္စများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆၂၂/၆၂၆)၊ ကုန်သည်လမ်း၊ လမ်း(၃၀)နှင့် ဗိုလ်ဆွန်ပက်လမ်းကြားရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (Myanmar International Trade Center) တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများ ပါဝင်သည့် Help Desk တစ်ခုကို မတ် ၂၃ ရက်မှစတင်၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဗဟိုဌာနတွင် ဖွင့်လှစ်ထားသည့် Help Desk အနေဖြင့် COVID-19 ကြောင့် ထိခိုက်မှုရှိမည့် လုပ်ငန်းများတွင် ထိခိုက်မှုလျော့နည်း သက်သာစေရေးအတွက် ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်းသို့ မြန်ဆန်သွက်လက်စွာသယ်ယူ၍ စက်ရုံများ ဆောလျင်စွာ လည်ပတ်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စများ၊ အလုပ်သမားရေးရာဆိုင်ရာ ကိစ္စများအပါအဝင် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရမည့်ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
COVID-19 ကြောင့် လုပ်ငန်းများတွင် ထိခိုက်မှုလျော့နည်းသက်သာရေးအတွက် လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများကို ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆၂၂/၆၂၆)၊ ကုန်သည်လမ်း၊ လမ်း(၃၀)နှင့် ဗိုလ်ဆွန်ပက်လမ်းကြားရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ Myanmar International Trade Center တွင် ဖွင့်လှစ်ထားသည့် Help Desk သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်၊ ၀၁-၃၈၅၃၂၃ နှင့် ၀၁-၃၈၅၃၃၁ သို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်လိပ်စာ [email protected] သို့ဖြစ်စေ ဆက်သွယ်ချိတ်ဆက်၍ အကူအညီတောင်းခံနိုင်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်


