ထန်းတပင် ၂၅ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ် ဆောင်ရွက်သည့်အနေဖြင့် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို မတ်လ ၂၄ ရက် ညပိုင်းက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တက်နိုင်သမျှ မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်၊ လူစုလူဝေး၊ ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ပေးကြပါရန်၊ အပြင်မှပြန်ရောက်တိုင်း လူနာနှင့်ထိတွေ့တိုင်းတွင် လက်ကို ဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောပေးရန်၊ မိမိ၏လက်ကိုစင်ကြယ်စွာ မဆေးကြောရသေးဘဲ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကိုကိုင်တွယ်ခြင်း မပြုလုပ်ကြရန်၊ လွန်ခဲ့သောနှစ်ပတ်(၁၄) ရက်ခန့်က အခြားနိုင်ငံများမှ ပြန်ရောက်လာပါက မိမိတို့နေအိမ်တွင် (၁၄)ရက်ခန့်နေထိုင်ရေး၊ ဖျားနာ ခြင်း၊ ချောင်းဆိုးခြင်း၊ လက္ခဏာများ တစ်ခုခုတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံသို့ အမြန် ပြသပေးကြပါ ရန်နှင့်မိမိတို့၏ နေအိမ်ဝန်းကျင်တွင် နိုင်ငံရပ်ခြားမှအလုပ်လုပ်ပြီး ပြန်ရောက်လာသူများ ရှိပါကလည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ထန်းတပင်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များရုံးသို့ အမြန်ဆုံး သတင်းပေးပို့ပေးကြပါရန်တို့ကို မြို့ပေါ်ရပ်ကွက်လမ်းများတစ်လျှောက် အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


