ရွှေသောင်ယံ ၂၅ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတို့တွင် ယမန်နေ့ ညနေပိုင်းက စတင်၍ မြို့ဝင်ဂိတ်များ၊ လမ်းဆုံများ၌ အဝင်အထွက်ကားများ၊ ဆိုင်ကယ်များအား စစ်ဆေးပြီး အမှန်တကယ် နေရပ်ပြန်သူများကိုသာ လာရာအရပ်ဒေသတို့ကို စစ်ဆေး၍ လက်ခံခြင်း၊ ပြင်ပဧည့်သည် အဝင်အထွက်တို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အထူးသဖြင့် နိုင်ငံရပ်ခြားမှ ပြန်လာသူများအား စစ်ဆေးမေးမြန်းတွေ့ရှိပါက ကျန်းမာရေးဌာန၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရန်၊ ပြည်သူများအနေနဲ့ မိမိတို့မြို့ရွာရှိ နိုင်ငံရပ်ခြားမှ ပြန်လာသူများကို ဖုံးကွယ်မထားဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျန်းမာရေးဌာနများကို အကြောင်းကြားထားရန် လိုက်လံမှာကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ် တားဆီးရေး ပူးပေါင်းဆောင်ရွက်မှုတွင် ချောင်းသာမြို့၌ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ချောင်းသာမြို့ ဉတိုတံတားဂိတ်၊ မြို့ဝင်ဂိတ်တို့တွင် အဝင်အထွက်များ စစ်ဆေးခြင်း၊ ရွှေသောင်ယံမြို့ တွင်လည်း မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ရပ်ကွက် (၁၊၂၊၃) နှင့် အုန်းချောင်းကျေးရွာ၊ သဲကုန်းကျေးရွာ၊ ကျူတောကျေးရွာ၊ သဘော့ကန်ကျေးရွာ၊ ဝက်သေကျေးရွာများသို့ လှည့်လည်၍ ကျန်းမာရေးအသိပေးခြင်း၊ လူဝင်လူထွက်များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)


