ဝါးခယ်မ ၂၅ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ မြို့မစျေး ယာယီပိတ်မည်ဆိုသော သတင်းမှာ ကောလာဟလ သတင်းသာဖြစ်ပြီး ယနေ့ နံနက်ထိ ပုံမှန်အတိုင်း စျေးရောင်း၊ စျေးဝယ်လျက်ရှိသည်။
“စျေးပိတ်မယ်ဆိုတဲ့သတင်းက ဘယ်သူက ဘယ်လိုစခဲ့လဲ မသိဘူး။ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ပြောနေကြ တာပဲ။ ကျွန်တော်က ကျုံထရိတ်ကျေးရွာမှာ နေတာ။ ပြီးခဲ့တဲ့ ရက်ထဲက စျေးပိတ်မယ် စျေးပိတ်မယ်နဲ့ ပြောနေကြတာပဲ။ စျေးဆိုင်တွေကို မေးကြည့်တော့လည်း တိတိကျကျ မသိဘူး။ သူတို့က အများတန်းတူ ပိတ်ဆို ပိတ်ရမှာ ပေါ့ဆိုပြီး ပြောတယ်” ဟု ကျုံထရိတ်ကျေးရွာမှ ဦးနိုင်နိုင်စိုးက ပြောသည်။
“ဒီသတင်းကတော့ ပြောနေကျတာပါပဲ။ ကျွန်တော်ကော ကျွန်တော့်ဝန်ထမ်းတွေကိုကော ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး လက်လှမ်းမီသလောက် ဖြေရှင်းကြဖို့ ပြောထားပါတယ်။ တစ်စုံတစ်ခု ညွှန်ကြားချက် ရခဲ့ရင်လည်း ချက်ချင်းဆိုသလို ပြည်သူတွေသိရှိအောင် အသိပေးဆောင်ရွက်သွားမှာပါ။ အခုလည်း မြို့မစျေးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအသိပညာပေး ဗီနိုင်းတွေ၊ လက်ဆေးဘေစင်တွေ တပ်ဆင်ထားရှိတာမျိုး၊ ဆေးဖျန်းခြင်းလုပ်ငန်း၊ လက်ကမ်းစာစောင်တွေ သရုပ်ပြတာတွေနဲ့ အသိပညာဖြန့်ဝေတာမျိုးလည်း ဝန်းထမ်းတွေက ဆောင်ရွက်ပေးထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း သတင်းအမှားတွေကို ချင့်ချိန် ယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးက ပြောသည်။
လွှမ်းသီဟ (ပြန်/ဆက်)


