မိုးကောင်း ၂၅ မတ်
ကချင်ပြည်နယ် မိုးကောင်းမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် မတ် ၂၄ ရက် မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မိုးကောင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်စံက “ ကြိုတင်ကာကွယ်ခြင်း စည်းမပေါက်ဖို့ အဓိကအရေးကြီးပါတယ်၊ ကြိုတင်ကာကွယ်ခြင်း စည်းပေါက်ပြီး ကုသရေးစည်းကို ရောက်ရှိလာမယ်ဆိုရင် ကျွန်တော်တို့မြို့နယ်မှာ ကုသရန်ဆေး၊ PPE ဝတ်စုံ၊ ဝန်ထမ်းအင်အား၊ လူနာထားစရာနေရာ မလုံလောက်တာကြောင့် ကာကွယ်ရေးစည်း မပေါက်ဖို့ကို အဓိကထားပြီး ဆောင်ရွက်ရမှာပါ” ဟု ပြောသည်။
မိုးကောင်းမြို့သည် ကချင်ပြည်နယ်အတွင်း ကားလမ်း၊ ရထားလမ်းမှတစ်ဆင့် ဖားကန့် ကျောက်စိမ်းမှော်၊ တနိုင်းပယင်းမှော်နှင့် ရွှေမှော်များသို့ အများဆုံး ဖြတ်သန်းသွားလာရာမြို့ ဖြစ်နေသောကြောင့်လည်းကောင်း၊ လတ်တလော မြို့နယ်အတွင်း ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့မှ ပြန်လာကြသူများ အများအပြား ရောက်ရှိနေကြသောကြောင့် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများ နှင့် ခရီးသွားဧည့်သည်များကို စောင့်ကြည့်၍ စာရင်းဇယားများပြုစုကာ Home Quarantine ပြုလုပ်ရန် နှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီဖွဲ့ကာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


