မူဆယ် ၂၅ မတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့  လူစည်ကားသည့် မြို့လယ်နာရီစင်၌ အမှတ်(၁၂၃)ယာထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲမှူးချစ်စိန်နှင့် တပ်ဖွဲ့ဝင်များက လမ်းသွား/လမ်းလာ မိဘပြည်သူများကို Covid - 19 ကာကွယ်ရေး အသိပညာပေးလှုံ့ဆော်မှုကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ပြီး နှာခေါင်းစည်း ခုရေ (၅၀၀) ဝေငှခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်များသန့်စင်ဆေးကြောပေးခြင်း၊ ကြိုတင်ကာကွယ်ရေးအတွက် တစ်ခါသုံးလက်အိတ်များ ဝေငှခြင်းနှင့် သောက်ရေသန့်ဘူးများ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

 

Covid - 19 ကာကွယ်ရေး အသိပညာပေးလှုံ့ဆော်မှုတွင် ရဲမှူးချစ်စိန်က  “ဒေသခံမိဘပြည်သူတွေ၊ လမ်းသွား/ လမ်းလာ ခရီးသွားပြည်သူတွေ အနေနဲ့ အဓိက အချိန်မှန်မှန် လက်ဆေးဖို့လိုမယ်၊ နှာခေါင်းစည်းတွေ တပ်ဖို့လိုမယ်၊ အကာအကွယ်အနေနဲ့ လက်အိတ်တွေသုံးဖို့လိုပါမယ်၊ ပြီးတော့ ရေများများသောက်ဖို့လိုမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အသိပညာပေးလှုံ့ဆော်ပြီး နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ၊ ရေသန့်ဘူးတွေ ပေးဝေပြီး လက်သန့်ဆေးရည်နဲ့ လက်ဆေးကြောတာတွေ ပြုလုပ်ပေးတယ်” ဟု  ရှင်းပြသည်။

 

မူဆယ်မြို့၌ Covid - 19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက အရှိန်အဟုန်မပြတ် တင်းကျပ်စွာ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)