ရန်ကုန် ၂၅ မတ်
မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံမှုများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန် အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မတ်လ ၂၃ ရက်နေ့က မြို့နယ်အဆင့် လုပ်ငန်း ကော်မတီဖွဲ့စည်းခဲ့ပြီး ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါကော်မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများဖြင့် အဆိုပါရောဂါ ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး က မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့အနေဖြင့် မြို့နယ်အတွင်း COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ရောဂါ စောင့်ကြပ် ကြည့်ရှု ရေးလုပ်ငန်းများ၊ ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီ ကုသနိုင်ရေး၊ ရောဂါ ဆက်လက် ပြန့်ပွားမှုမရှိစေရေး၊ မြို့နယ်အတွင်း သံသယလူနာတွေ့ရှိပါက ရပ်ကွက် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ တစ်ဆင့် နီးစပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ အသိပေး ဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် နည်းလမ်းဖြင့် ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်မှ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရန် အရေးကြီးကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူအဝင်အထွက်များ သေချာစွာ စိစစ်ရန် လိုအပ်ကြောင်း၊ ကူးစက်နိုင်မှု အခြေအနေများကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာ သီရိဝင်းဆွေထွန်းမှ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စည်ပင် သာယာကော်မတီ ဥက္ကဋ္ဌ ဦးအာကာအောင်မှ မြို့နယ်အတွင်း ဈေးများတွင် အသိပညာပေး ဆောင်ရွက်မှုများ၊ သန့်ရှင်းရေး၊ ဆေးဖျန်းခြင်းဆောင်ရွက်မှုများ၊ ဘတ်စ်ကားဂိတ်များတွင် လက်ဆေးကန်များ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ရပ်ကွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ရောဂါနှင့် ပတ်သက်သည့် ကာကွယ်ရေးဆိုင်ရာ အသိပေး နှိုးဆော် ချက် များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်သွားကြရန်လိုအပ်ပြီး ကော်မတီဝင်များ အနေဖြင့် လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ရီ(ပြန်/ဆက်)


