ယင်းမာပင် ၂၅ မတ်
ယင်းမာပင် ရေလျှံဇုန်အတွင်း ဖော်ဆောင်လျက်ရှိသော (၉၉) ကန် စီမံကိန်းဧရိယာအတွင်းရှိ ကန်အမှတ် (N-5) (N-14) နှင့်(N-16) တို့တွင် ကန်အတွင်းရှိ ပိတ်ဆွယ်ပင်များ၊ ဒိုက်မှော်များကို ရှင်းလင်း လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးထံမှ သိရသည်။
“ စီမံကိန်းဧရိယာ အတွင်းမှာရှိတဲ့ ရေကန်ကြီးတွေထဲမှာ ပေါက်ရောက်နေတဲ့ အမှိုက်ပင်တွေကို ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းတွေကို မတ်လဒုတိယပတ်အတွင်းက စတင်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မြေအောက်ရေ ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်သလို ရေကန်ကြီးတွေ ရေရှည် တည်တံ့ဖို့ အမှိုက်ပင်တွေ ရှင်းလင်းပေးတာဖြစ်ပါတယ်”ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက ပြောသည်။
ယခုလက်ရှိအချိန်တွင် (၉၉) ကန် စီမံကိန်းဧရိယာအတွင်း ရေကန် (၁၀၇) ကန်ရှိသည့်အနက် ရေထွက်အား အကောင်းဆုံးကန် (၆) ကန်၊ ရေထွက်နှုန်း ကောင်းမွန်ဆဲ ရေကန် (၃၄) ကန်၊ ရေထွက်နှုန်း နည်းသည့်ရေကန် (၃၃) ကန်နှင့် ရေလုံးဝမထွက်တော့သည့် ရေကန် (၃၄) ကန်ရှိကြောင်း ယင်းမာပင် ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းအမြစ်)၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


