ဟားခါး ၂၅ မတ်

 

ချင်းပြည်နယ်အတွင်း COVID-19ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၅ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ လက်ဝယ်အရောက် အခမဲ့လိုက်လံ ဖြန့်ဝေပေးလျက်ရှိပြီး ဟားခါးမြို့၊ ပြည်သူ့ဆေးရုံနှင့် ဈေးအတွင်း Mask N-95 အမျိုးအစား (၂၆၀)ကျော် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျုံဟူးနှင့် တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၊ ကျောဘုတ်ရပ်ကွက်နေပြည်သူများ၊ မော်တော်ယာဉ်များ အပေါ်တွင် လိုက်ပါလာသူ ခရီးသွားပြည်သူများနှင့် ဟားခါးမြို့ဒေသခံ ပြည်သူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်စင်ကြယ်စွာဆေးကြောရေးအပါအဝင် COVID-19ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအား အသိပညာပေးပြောကြားပြီး လက်ကမ်းစာစောင်များနှင့် တစ်ခါသုံး Mask များကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့သည် ချင်းပြည်နယ် တီးတိန်မြို့နယ်သို့ မတ်လ ၂၆ ရက်နေ့တွင် တစ်ခါသုံး Maskများကို အခမဲ့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)