ကျောက်ပန်းတောင်း ၂၅ မတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ် လိုအပ်လာပါက ရောဂါထိန်းချုပ် ကုသရေးဌာနများအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် ရွေးချယ်ထားသည့် အဆောက်အဦများအား မတ် ၂၅ ရက် နံနက် ၁၁ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်တို့သည်၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးနှင့် လိုအပ်လာပါက ထိန်းချုပ်ကုသမှုပေးမည့် ဌာနများအဖြစ် ပြောင်းလဲအသုံးပြုသွားရန် ရွေးချယ်ထားသည့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း) မှ ရွှေပုပ္ပားဆောင်၊ သုံးထပ်အဆောက်အဦ၊ အ.ထ.က(၂) နှစ်ထပ်ကျောင်းဆောင်အသစ်နှင့် မြို့နယ်ပြည်သူ့ဆေးရုံ နှစ်ထပ်ဆောင်တို့ကိုလည်းကောင်း၊ လိုအပ်ပါက စောင့်ကြည့်ကုသရေးဌာနအဖြစ် လာရောက်အသုံးပြုနိုင်ပါကြောင်း မိမိဆန္ဒအရ တင်ပြလာသည့် မြပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်းမှ မာလာဆောင် သုံးထပ်အဆောက်အဦကိုလည်းကောင်း သွားရောက်စစ်ဆေးခဲ့ကြပြီး သုံးစွဲရန်လိုအပ်ပါက အခန်းဖွဲ့ပြင်ဆင်ထားနိုင်ရေးနှင့် ရေ/မီး ရရှိရေး၊ သန့်ရှင်းရေး ဆောင်ရွက်ထားနိုင်ရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် လိုအပ်လာပါက စောင့်ကြည့်ထိန်းချုပ် ကုသရေးဌာနများအဖြစ် ပြောင်းလဲအသုံးပြုသွားမည့် G.T.I ကျောင်း သုံးထပ်ရွှေပုပ္ပားဆောင်မှာ ဝင်ဆံ့လူဦးရေ ၁၂၀ ခန့်၊ မြပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်း သုံးထပ်မာလာဆောင်မှာ ဝင်ဆံ့လူဦးရေ ၁၅၀ ခန့်နှင့် တစ်ကျောင်းလုံးအတွက် တစ်ယောက်အိပ်ခုတင် အလုံးရေ ၅၀၀ ရှိကြောင်း၊ ထို့အတူ အမှတ်(၂) အ.ထ.က နှစ်ထပ်ကျောင်းဆောင်သစ်တွင် လူဦးရေ ၆၀ ခန့်နှင့် မြို့နယ် ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်တွင် လူ ၃၀ စောင့်ရှောက်ကုသမှု ခံယူနိုင်စေရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


