ပခုက္ကူ ၂၅ မတ်
COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ကုသရေးဌာနများအဖြစ် ယာယီနေရာ ပြင်ဆင်နေသည့် ပခုက္ကူမြို့အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာသို့ မတ် ၂၅ ရက် နံနက် ၁၀ နာရီက ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေးဝန်ထမ်းအိမ်ရာ၌ အခန်းများပြင်ဆင်ထားရှိမှု၊ ရေ၊ မီးရရှိရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေး၊ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးကိစ္စများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက်ရှိ ရွှေသိမ်တော် ဓမ္မရိပ်သာ၌ အခန်းနှင့် ခုတင်များ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ အခန်းများ ကြိုတင်ပြင်ဆင်ရန် ပခုက္ကူမြို့နယ် လူငယ်ရေးရာကော်မတီဝင်များ၊ အရပ်ဖက် အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇော်(ဓာတု)


