မြဝတီ ၂၅ မတ်

 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် Covid-19 ကာကွယ်ရေးအတွက် Surgitol ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့တွင်းရှိတည်းခိုခန်းများ၊ မြဝတီမြို့ဘုရင့်နောင်ဈေးကြီး၊ သုသာန်နှင့် အမှတ်() ချစ်ကြည်ရေး တံတားကြီးတို့တွင် Covid-19 ရောဂါပိုးကာကွယ်ရေး Surgitol ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းပေးခြင်းကို မြို့စည်ပင်သာယာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

"ကျွန်တော်တို့ မြို့စည်ပင်ကော်မတီက ဝန်ထမ်းတွေနဲ့ မြဝတီလူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ကျန်းမာရေး အသိပညာပေး ပိုစတာတွေကို ရပ်ကွက်နဲ့ လူစည်ကားရာနေရာတွေမှာ လိုက်လံကပ်ပေးသလို မြဝတီမြို့က ဘုရင့်နောင်ဈေးကြီး၊ တည်းခိုခန်းတွေ၊ သုသာန်နဲ့ တရားနာဇရပ်ဆောင်တွေ၊ လူစည်ကားရာနေရာဖြစ်တဲ့ အမှတ်() တံတားကြီးတွေမှာ Surgitol ပိုးသတ်ဆေးတွေကို လိုက်လံပက်ဖျန်းပေးနေပါတယ်၊ သုသာန်မှာကလည်း အသုဘပို့လာကြသူတွေများတော့ တရားနာတဲ့အခါမှာ လူတွေပူးကပ်ပြီး တရားနာကြတော့ စိုးရိမ်စရာတွေဖြစ်တာပေါ့၊ ဒါကြောင့် မြို့စည်ပင်ကော်မတီအနေနဲ့ Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးတွေ သုသာန်ဇရပ်တွေမှာလည်း ပက်ဖျန်းပေးတာ ဖြစ်ပါတယ်"ဟု မြဝတီစည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။

 

မြဝတီမြို့သည် ထိုင်းနိုင်ငံနှင့် နီးကပ်လျက်ရှိပြီး ထိုင်းဘက်တွင်လည်း လူစည်ကားရာဈေး၊ ကုန်တိုက်များနှင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများအား Covid-19 ကူးစက်မြန် ရောဂါကာကွယ်ရေးအနေနှင့် ပိုးသတ်ဆေးများ ဖျန်းပက်နေကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)