နေပြည်တော် ၂၅ မတ်
(၁/၂၀၂၀)ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က ယခုအစည်းအဝေးကို လွန်ခဲ့သည့် မတ် ၂၃ ရက်၌ တောင်ကြီးမြို့တွင် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးသည့်အနေနှင့် Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ (COVID-19) ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ကမ္ဘာအနှံ့တွင် Lock down နှင့် Entry quarantine များ လုပ်ဆောင်နေသည့်အတွက် ခရီးသွားလုပ်ငန်းအပေါ် ကြီးမားသည့် သက်ရောက်မှုရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အလုပ်အကိုင်များအပေါ်တွင်လည်း ပြင်းထန်သည့် ထိခိုက်မှုရှိမည်ဖြစ်ပါကြောင်း၊ ယခင်ကကျင်းပခဲ့သော ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ခရီးသည် ပိုမိုတိုးတက်ဝင်ရောက်ရေး၊ ခရီးသွားမြှင့်တင်ဆွဲဆောင်ရေး လုပ်ငန်းများကို အဓိကဆွေးနွေးခဲ့ကြသော်လည်း ယခုအစည်းအဝေးတွင် (COVID-19) ရောဂါကြောင့် မိမိသက်ဆိုင်ရာ နယ်မြေများ၊ မိမိတို့သက်ဆိုင်ရာကဏ္ဍများတွင် မည်သို့သက်ရောက်မှုရှိမည်၊ မည်သို့ အတူတကွ ရင်ဆိုင်ကျော်လွှားကြမည်၊ (COVID-19)အလွန်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဉီးမော့လာရေးအတွက် မည်သို့ကြိုတင်ပြင်ဆင်ကြမည်ကို အဓိကထား၍ ဆွေးနွေးပေးစေလိုပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် စီးပွားရေးသက်ရောက်မှုများ ကုစားရေးကော်မတီတို့တွင် ပါ၀င်လုပ်ဆောင်နေပါကြောင်း။
ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ဧည့်စာရင်းပေးပို့ရာတွင် copy များများပေးရန်မလိုသည့် guest list management system အသုံးပြုရန် ယခင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ထိုစနစ်ကို ဟိုတယ်နှင့် တည်းခိုခန်းအားလုံး စတင်အသုံးပြုနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Reception & Reservation တွင်လည်း နည်းပညာပိုသုံးနိုင်ရန် လိုအပ်သည့် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုများလုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း။
မိမိဒေသ၏အကြောင်းကို ဒေသခံများကပိုမိုသိရှိပြီး ခရီးစဉ် ဒေသများစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် ဒေသခံများ၏ အတွေ့အကြုံနှင့်အကြံညဏ်ကို ပိုမိုရရှိရန် Destination Management Organisation (DMO) များကို လိုအပ်သလိုဖွဲ့စည်းရမည်ဟု ခရီးသွားဥပဒေတွင် ပြဌာန်းပြီးဖြစ်ပါကြောင်း၊ ယခုအချိန်သည် ခရီးစဉ်ဒေသအလိုက် DMO များဖွဲ့စည်းပြီး ဖွံဖြိုးတိုးတက်ရေးအစီအစဉ်များကို ယခုပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေနှင့်အညီ ထင်ဟပ်ရေးဆွဲသင့်သည့် အချိန်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးမှုများအပေါ် မူတည်၍ ကိုယ့်ဒေသ၏ အခြေအနေနှင့်ကိုက်ညီသော လုပ်ငန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်က ယခုအချိန်ကာလတွင် ဉီးစားပေးဆောင်ရွက်ပေးသင့်သော ခရီးသွားလုပ်ငန်းအထောက်အကူပြု သင်တန်းဆိုင်ရာကိစ္စရပ်များ၊ (COVID-19) အလွန်ကာလတွင် ခရီးသွားကဏ္ဍ၌ နည်းပညာကို ပိုမိုအသုံးပြုရန် လိုအပ်သောကိစ္စရပ်များ၊ Destination Management Organization များဖွဲ့စည်း၍ ဒေသအသီးသီး၏ ခရီးသွားလုပ်ငန်းများ ထိန်းသိမ်းဆောင်ရွက်ရေးဆိုင်ရာများကို ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ ၂/၂၀၁၉ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးများနှင့် ကော်မတီအတွင်းရေးမှူးများ၊ ခရီးသွားလုပ်ငန်း ကော်မတီဝင် တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ (COVID- 19) ကူးစက်ရောဂါ ပြန့်ပွားမှု တားဆီးကာကွယ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သင့်သော လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


