ရန်ကုန် ၂၅ မတ်
COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများအတွက် ယနေ့မှစတင်၍ ဘုရားဖူးချိန်ကို သတ်မှတ်ပေးထားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ သိရသည်။
ရွှေတိဂုံစေတီတော် ဘုရားဖူးချိန်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ပေးထားပြီး ဘုရားဖူးလာပြည်သူများ ဓာတ်လှေကား စီးနင်းရာတွင်လည်း လူဦးရေကို ကန့်သတ်ပေးထားကြောင်း သိရသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများအား ဂေါပကရုံးဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ အလှူရှင်များက နှာခေါင်းစည်းများ ပေးဝေလှူဒါန်းခြင်း၊ လက်သန့်ရှင်းရေးအတွက် လက်သန့်ဆေးရည်များနှင့် လက်ဆေးကန်များ ထားရှိခြင်းများ ဆောင်ရွက်ပေးထားသည်။
ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးပြည်သူများ နေ့စဉ်လာရောက်ဖူးမြော်လျက်ရှိရာ ဘုရားဖူးပြည်သူများ၏ ကျန်းမာရေးကို ရှေးရှု၍ COVID-19 ရောဂါကာကွယ် တားဆီးနိုင်ရန်အတွက် ဘုရားဖူးချိန်ကို ယနေ့မှစတင်၍ မေတ္တာရပ်ခံ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ သိရသည်။
သတင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်(MNA)


