ဟားခါး ၂၆ မတ်
ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်ရှိ အချုပ်ခန်းများတွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် အချုပ်ခန်းများတွင် ရောဂါပိုးကာကွယ်ဆေးများဖြန်းခြင်း၊ အချုပ်သားများအား ရောဂါပိုးစစ်ဆေး ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲမှူး ဌေးဝင်း၏ ပြောကြားချက်အရ သိရှိရသည်။
“ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကနေ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ မတ်လ ၂၅ ရက်နေ့ မနေ့ကစပြီး အချုပ်ခန်းတွေမှာ ပိုးသတ်ဆေးဖြန်းပါတယ်၊ သန့်ရှင်းရေးဆောင်ရွက်ပါတယ်၊ အချုပ်သားတွေ နေတဲ့ အခန်းအတွင်း၊အပြင် အားလုံးကို ဆေးဖျန်းပါတယ်၊ အချုပ်သားတွေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေကနေ (COVID-19) ရောဂါနှင့်ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပါတယ်၊ မြို့နယ်(၉)မြို့နယ်အားလုံးမှာ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်၊ ကူးစက်မှုမရှိစေရေးကိုလည်း နေ့စဉ်စောင့်ကြပ် ကြည့်ရှုလျက်ရှိပါတယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ပါသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)