ကျောင်းကုန်း ၂၆ မတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် ပြည်ပမှပြန်လာသူများအား စောင့်ကြည့်ရန် နေရာ ၆ နေရာ ပြင်ဆင်ထားပြီး သန့်ရှင်းရေးလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ လူနာကုတင်များ ထားရှိခြင်းတို့ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောင်းကုန်းမြို့၊အမှတ်(၁)ရပ်ကွက်၌ ထိုင်းနိုင်ငံမှ ပြန်လာသော အမျိုးသမီးတစ်ဦးသည် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် (၁၄)ရက်တာ စောင့်ကြည့်ခံဖူးသူဖြစ်ခြင်း၊ ယခုလက်ရှိတွင် ကျန်းမာရေး ကောင်းမွန် နေခြင်း တွေ့ရှိရသဖြင့် ပြင်ပသို့မထွက်ဘဲ မိမိနေအိမ်၌သာ နေထိုင်ရန် မြို့နယ်COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိူးဝင်းက ပြောကြားခဲ့သည်။
ကျောင်းကုန်းမြို့နယ်အတွင်း အ.ထ.ကအစုကြီး၊အ.ထ.က တံခွန်တိုင်၊အ.ထ.ကလှည်းဆိပ်၊အ.ထ.က ချောင်ကြီး၊ အ.ထ.က ဒေါင့်ကြီးနှင့် အ.မ.က မြို့မကျောင်း စသည့်(၆)နေရာ ပြင်ဆင်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


