ရန်ကုန် ၂၆ မတ်    

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့တော်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းတစ်လျှောက် အုတ်ရေမြောင်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

       

mdn

  

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း “ယခုလို ဆောင်ရွက်ပေးတာဟာ ရပ်ကွက်နေပြည်သူများအတွက်သာမက မိမိတို့မြို့နယ်အတွက်လည်း များစွာ အကျိုးရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။ ဒီကျိုက္ကဆံလမ်းဟာဆိုရင် တာမွေမြို့နယ်ရဲ့ အဓိက အချက်အချာကျတဲ့ လမ်းလည်းဖြစ်ပါတယ်။ ယခင်က ဒီလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းတွေမှာ နုန်းများ၊ အမှိုက်များ မကြာခဏ ဆိုသလို ပိတ်ဆို့နေတဲ့အတွက် လမ်းမကြီးနဲ့ လူသွားစင်္ကြန်များပေါ်ကို ရေများ လွှမ်းမိုးပြီး သွားရေးလာရေး အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရတယ်။ ဒီနှစ်မှာတော့ ယခုလို အုတ်ရေမြောင်းတွေ ဖောက်လုပ်ပေးတဲ့အတွက် ကျိုက္ကဆံလမ်းတစ်လျှောက် ရေကြီးရေလျှံခြင်း ပြဿနာမှ လုံးဝကင်းဝေးသွားနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ပြောသည်။

 

နိုင်လင်းအောင်(တာမွေ)