မြိတ် ၂၆ မတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ Covid 19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကလိုရင်း ပိုးသတ် ဆေးဖျန်းခြင်းကို မတ်လ(၂၆)ရက် နံနက်ပိုင်းမှ စတင်ကာ ပြည်တော်ပြန်များ စောင့်ကြည့်ရန်ထားရှိမည့်နေရာ များ၊ လူအသွားအလာများသည့်နေရာများတွင် ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မြိတ်မြို့မှာ လူနာများထားမယ့်နေရာတွေ၊ ဆေးရုံတွေ၊ ကားဂိတ်တွေ၊ သင်္ဘောဆိပ်တွေ၊ ဈေးတွေနဲ့ ရပ်ကွက်အထဲထိ ဆေးဖျန်းတဲ့လုပ်ငန်းကို နေ့စဉ်လုပ်ဆောင်သွားပါ့မယ်။ အဓိကရည်ရွယ်ချက်ကတော့ ဗိုင်းရပ်ပိုး မွားများ သန့်စင်စေရေး၊ ပြည်သူများ စိတ်ပူပန်နေမှုများ လျောနည်းစေရေးအတွက် ပိုးသတ်ဆေးဖျန်းတဲ့စနစ်ကို ဆောင်ရွက်သွားမှာပါ။ ဖျန်းတဲ့ဆေးက ကလိုရင်းပိုးသတ်ဆေးအသုံးပြုပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဌ ဦးမြတ်ကိုကို က ပြောသည်။
မြိတ်မြို့တွင် Covid 19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်တော်ပြန်များ ကျန်းမာရေးစစ်ဆေး ကြည့်ရှုစောင့်ရှောက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် အေးရိပ်ချောင်တရားရိပ်သာ၊ မြိတ်တက္ကသိုလ်၊ သံဃဆေးရုံ၊ ဆရာဝန်များအသင်းရုံး၊ တန်ဖိုးနည်းအိမ်ယာများကို မြိတ်ခရိုင် Covid 19ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီ က ပြင်ဆင်ထားရှိရာ အဆိုပါနေရာများကို ပိုးသတ်ဆေးများ စတင်ဖျန်းလျက်ရှိပြီး ပထမဦးစွာ တရားရုံးအချုပ်ဆောင်၊ အေးရိပ်ချောင်တရားရိပ်သာ၊ မြိတ်တက္ကသိုလ်ရှိ ပုလဲမာန် အဆောင်၊ ပုလဲရွေရည်အဆောင်၊ ပုလဲရာဇာဆောင်များတွင် ဆေးဖျန်းဆောင်ရွက်လျက်သည်။
ကလိုရင်း ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် စေတနာရှင်အလှူရှင်များ၊ ကုမ္ပဏီများ နှင့် စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံ၍ Covid 19 ကာကွယ်ရေးခရိုင်ကွပ်ကဲရေးရုံးတွင် တွေ့ဆုံ၍ စေတနာရှင် အလှူရှင်များ ကုမ္ပဏီမှ ဟိုက်ပိုကလိုရင်းအရည်များ၊ ကလိုရင်းပေါင်ဒါများကို လှူဒါန်းပေးခဲ့ကြ ကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)