မော်လမြိုင်ကျွန်း ၂၆ မတ်
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် မတ်လ(၂၅)ရက်နေ့က အိမ်သစ် ဆောက်လုပ်ရန်အတွက် နေအိမ်ဟောင်းအား မြေကျင်းတူးနေစဉ် လက်ပစ်ဗုံးနှင့် ကျည်ဆံဟောင်း အချို့အား တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အောင်ဆန်း(၇) အိမ်အမှတ်(၂၂)နေ ဒေါ်အင်ကြင်း (ရေရောင်း) သူ၏ အလျား၅၂ ပေ အနံ ၄၁ ပေ ရှိ နေအိမ်အား အသစ်ပြန်လည်ဆောက်လုပ် ရန်အတွက် ပန်းရံအလုပ်သမားဖြစ်သူ ဦးဝင်းနိုင်မှ မြေကျင်းတူးစဉ် လက်ပစ်ဗုံးနှင့် ကျည်ဆံဟောင်းများတွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်းသိရသည်။
အကြောင်းကြားချက်အရ သက်ဆိုင်ရာနှင့် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ရာ ၉ မမပစ္စတိုကျည်(၃၇)တောင့်၊ ၇ဒဿမ၆၂ ရိုင်ဖယ်ကျည် အတောင့် (၂၀)၊ သံချေးတက် BA9 1လက်ပစ်ဗုံး(၂)လုံး၊ ကျည်မျိုးစုံ(၅၇)တောင့်တို့အား တူးဖော်တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တူးဖော်တွေ့ရှိခဲ့သည့်လက်ပစ်ဗုံးနှင့်ကျည်မျိုးစုံတို့အား သက်ဆိုင်ရာမှ ထိန်းသိမ်းထားရှိထားပြီး လက်ပစ်ဗုံးနှင့်ကျည်ဆံများ တူးဖော်တွေ့ရှိသည့် အိမ်ခြံဝန်းအား အခြားသူများ ဝင်ရောက်မှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှ တာဝန်ယူစောင့်ကြပ်ပေးလျက်ရှိကြောင်းသိရသည်။
မောင်ယဉ်ဦး(ဒလ)၊ ထွန်းထွန်းနိုင်(မော်ကျွန်း)


