မုံရွာ ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းတံတားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း ပေ (၁၈၀) အောက်တံတား တည်ဆောက်မှုလုပ်ငန်းများ (၆၃) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်ထံမှ သိရသည်။
“အခုဘဏ္ဍာရေးနှစ်အတွင်းမှာ ပေ (၁၈၀) အောက် တံတားအစင်းပေါင်း (၁၈၃) စင်း တည်ဆောက်ဖို့ လျာထားခဲ့ပြီး လမ်းဦးစီးအဖွဲ့တွေက (၁၂၁) စင်း တည်ဆောက်တာဖြစ်ပါတယ်။ လမ်းအထူးအဖွဲ့ (၄)ဖွဲ့က တံတား (၆၂)စင်း တည်ဆောက်တာဖြစ်ပါတယ်။ ယခုအချိန်အထိမှာတော့ လုပ်ငန်းအားလုံးရဲ့ ရာခိုင်နှုန်း ထက်ဝက်ကျော် ပြီးစီးနေပါပြီ။ အချိန်မီပြီးစီးဖို့နဲ့ တံတားအရည်အသွေး ကောင်းမွန်ရေးတို့ကို လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆေးကြပ်မတ် လုပ်ဆောင်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်က ပြောသည်။
ယခုဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပေ(၁၈၀)အောက်တံတား (၁၈၃) စင်း တည်ဆောက်ရန် လျားထားလုပ်ဆောင်ခဲ့ရာ မတ်လတတိယပတ်အထိ တံတား (၁၀၇) စင်းအား တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသောတံတား (၇၆) စင်းအား ဆက်လက် တည်ဆောက်လျက် ရှိကြောင်းနှင့် ပေ (၁၈၀) အောက် တံတားတည်ဆောက်ရေး လုပ်ငန်းအားလုံး၏ (၆၃) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


