မြဝတီ ၂၆  မတ် 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုသာ အသုံးပြုသည့် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား မတ်လ ၂၁ ရက်နေ့မှစ၍ ဝင်ခွင့်ပြုပေးလျက်ရှိရာ ယနေ့ မတ်လ ၂၆ ရက်နေ့အထိ ဆက်လက်ဝင်လာဆဲဖြစ်ပြီး ငါးရက်တာ ကာလအတွင်း လူဦးရေ ၂၃၅၆၇ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် ခြောက်ရက်မြောက်နေ့အထိ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ ဆက်လက်ဝင်ရောက်လျက်ရှိရာ ပြန်လည်ဝင်ရောက်သူများ ကျန်းမာရေးစစ်ဆေးမှု နှင့် အခြားလိုအပ်သူများ အဆင်ပြေစေရေး ကရင်ပြည်နယ်အစိုးအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ကျန်းမာရေး ဆေးစစ်ချက်များရယူပြီး နေရပ်သို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့်အခမဲ့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ပေးလျက် ရှိသည်။

ပြန်လာသူများအား ကိုရိုနာဗိုင်းရပ်ကူးစက်မြန်ရောဂါ (Covid 19) ကာကွယ်/တားဆီးနိုင်ရေးအတွက် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရောဂါနှိမ်နင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အင်အားဖြည့်ပေါင်းစပ်၍ ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ရွှေ့ပြောင်း မြန်မာနိုင်ငံသားများအား မတ်လ ၂၁ ရက်နေ့မှစ၍ ဝင်ခွင့်ပြုပေးလျက်ရှိရာ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျား ၉၃၀၉ ဦး၊ မ ၅၆၈၆ ဦး၊ ပေါင်း ၁၄၉၉၅ ဦး၊ ၂၄ ရက်နေ့တွင် ကျား ၂၈၁၇ ဦး၊ မ ၁၇၀ဝ ဦး၊ ပေါင်း ၄၅၁၇ ဦး၊ ၂၅ ရက်နေ့တွင် ကျား ၂၉၂၅ ဦး၊ မ ၁၅၇၀ ဦး၊ ပေါင်း ၄၄၉၅ တို့ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၅ ရက်တာကာလအတွင်း လူဦးရေ ၂၃၅၆၇ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)