တန့်ယန်း ၂၆ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် COVID-19 အဆုတ်ရောင်ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စေတနာရှင် အလှူရှင်များက ရောဂါကာကွယ်ရေး လုပ်ငန်းသုံးဝတ်စုံများ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းကြရာတွင် မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အသုံးပြုနိုင်ရန် အမှတ်(၂) ရပ်ကွက်နေ ဦးအားချန်မှ PPE ဝတ်စုံ ၁၀ စုံ၊ အမှတ်(၄)ရပ်ကွက် ရွှေတြိဂံဆိုင်ကယ်ဆိုင်မှ PPE ဝတ်စုံ ၁၀ စုံ၊ ဒေါ်နန်းကြည်ကြည်သိန်းမှ PPE ဝတ်စုံ ၄ စုံ၊ အမှတ်(၅)ရပ်ကွက် ပြည့်စုံအောင် ထမင်းဆိုင်မှ PPE ဝတ်စုံ ၃ စုံ အပါအဝင် စေတနာရှင်ပြည်သူများက COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းသုံး ဝတ်စုံ ၄၀ ကို လှူဒါန်းခဲ့ကြသည်။
တန့်ယန်းမြို့နယ်၌ ယခုလက်ရှိတွင် ရောဂါဖြစ်ပွားသူမရှိဘဲ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်၍ ပြန်လည်ဝင်ရောက်လာသူများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ ပါဝင်သော COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်နေကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


