ရန်ကုန် ၂၆ မတ်

 

လက်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကာကွယ်ရေးအတွက် ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းရှိ  လက်မှတ်ရုံ (ခရီးသည်နားနေဆောင်) တို့၌ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွား မိဘပြည်သူများ အသုံးပြုရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Hand Sanitizer (500ml) ၄၀ ဘူး၊ Hand Sanitizer (၄ လီတာဝင်) ၄ ဘူးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သည့် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ ညနေ ၄ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းရှိ မန်နေဂျာရုံးခန်း၌  ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Operation Manager ဦးထွန်းလှစိုးက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (သယ်ယူပို့ဆောင်ရေးဌာန) ဌာနမှူး ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်နှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထို့အတူ ယနေ့နံနက်ပိုင်းက ဇာမဏီမြန်မာ အသိပညာမျှဝေရေးအဖွဲ့၊ ရန်ကုန်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် Life Buoy ဆပ်ပြာတို့ ပူးပေါင်း၍ ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်ဆိပ်ကမ်းရှိ လက်မှတ်ရုံ (ခရီးသည်နားနေဆောင်) နှင့် ဝင်ပေါက်၊ ထွက်ပေါက်နေရာတို့၌ ခရီးသွားမိဘပြည်သူများနှင့် ဝန်ထမ်းများ အသုံးပြုနိုင်ရေးအတွက် လက်ဆေးဘေစင် (၁၁)ခု၊ Life Buoy ဆပ်ပြာအရည် (၄၀)ဘူး၊ ဆေးဖျန်းရာတွင် အသုံးပြုသည့် လက်အိတ် (၁၀)အိတ်၊ နှာခေါင်းစည်း (၂၀)ခုတို့အား လာရောက်လှူဒါန်းခဲ့ရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်ဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ နေ့စဉ်ပုံမှန်သွားလာလျက်ရှိပြီး ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ဂယက်ကြောင့် ခရီးသည်စီးနင်းလိုက်ပါမှု ယခင်နေ့များထက် သိသိသာသာ လျော့နည်းသွားကြောင်း၊ သင်္ဘောခရီးစဉ်များ ရပ်နားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲ ပေးလျက်ရှိကြောင်း၊ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်ထားရှိပေးထားရာ မိဘပြည်သူများ အနေဖြင့် စိုးရိမ်မှုမရှိဘဲ သွားလာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ပန်းဆိုးတန်း/ဒလ ကူးတို့ဆိပ်ရှိ လက်မှတ်ရုံ ဝင်ပေါက်၊ ထွက်ပေါက်နေရာများနှင့် ခရီးသည်နားနေဆောင်တို့၌ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ လက်ဆေးဘေစင် (၁၀)ခုနှင့် အလှူရှင်များက လှူဒါန်းသည့် လက်ဆေးဘေစင် (၁၁)ခု၊  ဆပ်ပြာရည်ဘူးများကို တပ်ဆင်ထားရှိပေးထားရာ အနယ်နယ်အရပ်ရပ်မှ  ခရီးသွားပြည်သူများအားအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ မဖြစ်ပွားစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် လက်ကို စနစ်တကျ ဆေးကြောသန့်စင်နိုင်ကြောင်း၊ ထို့အတူ သင်္ဘောခရီးစဉ် ရပ်နားချိန်တို့တွင် သင်္ဘောဝန်ထမ်းများမှ ပိုးသတ်ဆေးဖျန်းခြင်း အစီအမံများကို ညစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)