ဟားခါး ၂၇ မတ်
ချင်းပြည်နယ် ဟားခါးမြို့တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေး သံသယ လူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီ စောင့်ကြပ် ကုသနိုင်ရေးအတွက် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း(ဟားခါး)တို့တွင် ကြိုတင်ပြင်ဆင်မှုများထားရှိရာ အဆိုပါနေရာများအား ယမန်နေ့ညနေ ၆ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံကြီးအတွင်း၌ ဆရာ၊ ဆရာမများ (PPE)ဝတ်စုံလဲလှယ်မည့် နေရာများ၊ သံသယလူနာများ တွေ့ရှိပါက Home Quarantine စစ်ဆေးရန် အခန်းများ၊ ကုသနိုင်ရန်အတွက် လူနာထားရှိမည့် သီးသန့်ကုတင်များကို လှည့်လည်ကြည့်ရှုရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာအောင်ငွေစံနှင့် ဟားခါးမြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုက်လံရှင်းလင်းပြသခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(ဟားခါး)သို့ ရောက်ရှိ၍ သင်တန်းခန်းမများနှင့် သင်တန်းသား နားနေဆောင်နေရာတို့တွင် သီးသန့်ထားရှိနိုင်ရေးနှင့် Facility Quarantine အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်းနှင့် အိမ်သာများ သီးသန့်ထားရှိနိုင်ရေးတို့ကို လှည့်လည်ကြည့်ရှုရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောနေမင်းထွန်းနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ငွေစံတို့က လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ချင်းပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး သံသယလူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီ စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ အချိန်မီထိန်းချုပ်ကုသနိုင်ရေးတို့အတွက် စနစ်တကျ စီမံဆောင်ရွက်ထားရှိရန် ပြောကြားခဲ့သည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


