မန္တလေး ၂၇ မတ်
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆင့်မြင့်ဈေးချိုတော် မတ် ၂၈ ရက်မှစပြီး ဈေးဖွင့်ချိန်ကို နံနက် ၈ နာရီမှ ဈေးပိတ်ချိန်ကို ညနေ ၄ နာရီဟု အချိန်ပြောင်းလဲ သတ်မှတ်ထားကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင် ကော်မတီမှ သိရသည်။
"ကျွန်တော်တို့ဈေးကိုတော့ မပိတ်တော့ပါဘူး။ ရုံကိုယ်စားလှယ်တွေ၊ ရုံလူကြီးတွေအားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဈေးကို ပုံမှန်ဘဲ ဖွင့်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးပိတ်ချိန်နဲ့ ဖွင့်ချိန်ကို ပြောင်းလဲလိုက်ပါတယ်။ ဈေးဖွင့်ချိန်ကို ခါတိုင်း ၇ နာရီခွဲ လောက်မှာ ဖွင့်ပြီးတော့မှ ဈေးပိတ်ချိန်ကို ညနေ ၄ နာရီမှာ စပိတ်ပြီး ညနေ ၅ နာရီမှာ အပြီးပိတ်သိမ်းကြပါတယ်။ ဒါပေမဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ဖြစ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အစည်းဝေးဆုံးဖြတ်ချက်အရ ဈေးကိုမနက် ၈ နာရီမှာ စဖွင့်လှစ်ပြီး ဈေးပိတ်ချိန်ကတော့ ညနေ ၃ နာရီမှစပိတ်ပြီး ၄ နာရီမှာ အပြီးပိတ်သိမ်းဖို့ အားလုံးသဘောတူညီကြပါတယ်" ဟု အဆင့်မြင့် ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။
ဈေးချိုတွင် COVID – 19 ရောဂါ ကာကွယ်နိုင်ရန်အတွက် မတ် ၃၀ ရက်နေ့ (အဖိတ်နေ့)တွင် ဈေးပိတ်ကာ နံနက် ၉ နာရီမှ စတင်၍ ဆေးဖြန်းခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး လူသွားလူလာများသော စက်လှေကား အတက်အဆင်းနေရာများတွင် ရေမလို လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ လက်ဆေးကန်များ ထားပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်


