နေပြည်တော်  ၂၇ မတ်

 

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ လိုက်နာပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင်ရန်နှင့် သတိနှင့် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသများရှိ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များ၊ COVID-19 ရောဂါဖြစ်ပွားလျှင် ခံစားရသော ရောဂါလက္ခဏာများကို သိရှိစေရန်နှင့် အဆိုပါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနကို သွားရောက်ပြသရေးအတွက် တိုက်တွန်း နှိုးဆော်မှုများ၊ COVID-19 ရောဂါဖြစ်ပွားပါက အသက်ကြီးသူများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများတွင် ပိုမိုပြင်းထန်စွာ ခံစားရနိုင်မှုများ၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၃)ပေအကွာတွင်နေထိုင်ရန်နှင့် ချောင်းဆိုး၊နှာချေလျှင် တစ်ရှူး၊ တံတောင်ဆစ်နှင့် ကာရန် လိုအပ်မှုများ၊ COVID-19 ရောဂါသည် လက်မှတဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ရာမှ ကူးစက်နိုင်မှုများ၊ ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော (၆၀)ရာခိုင်နှုန်း ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးကြရန်လိုအပ်မှုများ၊ လူစုလူဝေးရှောင်ကြဉ်ရန်နှင့် ကိုယ်ခံအားကောင်းစေရန်အတွက် သန့်ရှင်းပြီး အာဟာရရှိသော အစားအသောက်များကို ချက်ပြုတ်စားသောက်ရန်လိုအပ်မှုများ၊ ရောဂါကူးစက်ရာ ဒေသနှင့် နိုင်ငံခြားတိုင်းပြည်များမှ ပြန်လာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုအပ်ချက်အရ အသွားအလာကန့်သတ်ခြင်း(Quarantine)နှင့် ရောဂါရှိသူ အား သီးခြားထားရှိခြင်း (Isolation) လုပ်ငန်းများတွင် တာဝန်သိစွာပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မှုများ၊ ပြည်သူများကလည်း မိမိတို့ရပ်ကွက်၊ ကျေးရွာအတွင်း နိုင်ငံခြားမှ ပြန်ရောက်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် သတင်းပို့ကြရန်လိုအပ်မှုများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ မည်သူမဆို ပေါ့ဆစွာဆောင်ရွက်မှုကြောင့်ဖြစ်စေ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ ဘေးအန္တရာယ်ဖြစ် ပေါ်လျှင်သော်လည်းကောင်း၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေ ရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် သတင်းလွှင့်လျှင် သော်လည်းကောင်း ဥပဒေအရ အပြစ်ပေးအရေးယူခံရနိုင်မှုများ၊ ပြည်သူများအနေဖြင့် ဥပဒေကိုသိရှိပြီး လိုက်နာဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်း ပါဝင်ကြရန် လိုအပ်မှုများကို လက်ကိုင်အသံချဲ့စက်များ၊ အသံချဲ့စက်များဖြင့် ရပ်ကွက်နှင့် ကျေးရွာများအတွင်း လှည့်လည်နှိုးဆော်ခြင်းများ၊ အသိပေးပန်ကြားခြင်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)