(၂၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၆၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၉) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၂။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦး သည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သိရှိရသဖြင့် ၎င်းအား ဝေဘာဂီအထူးကုဆေးရုံတွင် (၂၆-၃-၂၀၂၀) ရက်နေ့မှ စ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်မြို့) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၆-၃-၂၀၂၀) ရက်နေ့တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါ လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ် ကုသပေးလျက်ရှိပါသည်။ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်း သိရှိရပါသည်။ (၂၆-၃-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
၄။ နေပြည်တော်မှ အသက် (၅၈) နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် (၁၈-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သောဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် (၁၃-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရပါသည်။
၅။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (၃)ဦးအား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။
၆။ ယခင်နေ့က ထုတ်ပြန်ခဲ့သော COVID-19 လူနာများထံမှ ဓာတ်ခွဲနမူနာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အကြောင်းပြန်ကြားခဲ့ပါသည်။
၇။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။


