တစ်ကမ္ဘာလုံး ဖြစ်ပွားနေသော COVID - 19 ရောဂါ၏ နောက်ဆက်တွဲ အကျပ်အတည်းများကို မြန်မာနိုင်ငံလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။
ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အစောပိုင်းကတည်းက အမျိုးသားအဆင့် ဖွဲ့စည်းပြီး တက်တက်ကြွကြွ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။ လွန်ခဲ့သောရက်က ရောဂါပိုးတွေ့သူ သုံးဦး၊ မတ်လ ၂၇ ရက်နေ့တွင် ရောဂါပိုးတွေ့သူ နှစ်ဦး၊ မတ်လ ၂၈ ရက်နံနက်က ၀၀:၁၅ နာရီ ထုတ်ပြန်ချက်ပါ ရောဂါပိုးတွေ့ရှိသူ သုံးဦး စုစုပေါင်း ရှစ်ဦးရှိပြီဖြစ်သည်။
ရောဂါကင်းဝေးရေးအတွက် အစိုးရကမပြတ်သောသတိဖြင့် အလေးထား ဆောင်ရွက်နေသော်လည်း အဓိကမှာ ပြည်သူသာလျှင်ဖြစ်၍ ရောဂါကင်းဝေးရေးအတွက် ထုတ်ပြန်ထားသော အချက်များကို တိကျစွာလိုက်နာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးဒုက္ခ အခက်အခဲအကျပ်အတည်းများကို ကျော်လွှား လွန်မြောက်နိုင်ရန် ပါဝင်ကြရမည်ဖြစ်သည်။ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် အတိုင်းအတာ တစ်ခုအထိ အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်နေသော်လည်း ရောဂါကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် လူမှုစီးပွား အခက်အခဲများမှာ ကြီးမားသော စိန်ခေါ်မှုအဖြစ် ရှိနေမည် ဖြစ်သည်။
လုပ်ငန်းများ၌ COVID-19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ဖြင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အင်အားလျှော့ချခြင်းတို့ ရှိမည်ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု၊ အလုပ်သမားဆန္ဒပြမှု၊ အလုပ်လက်မဲ့ ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့အပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်မှုများ ယာယီရပ်ဆိုင်းခြင်းနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော အလုပ်သမား ပြဿနာများ၊ ရောဂါကာကွယ်ရေးစိန်ခေါ်မှုများမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။ ။
အဆိုပါ အလုပ်သမားများသည် မိမိတို့အတွက် ဆုံးရှုံးနစ်နာမှုများ၊ အခက်အခဲများ ရှိနေသည်မှာမှန်သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသော ရောဂါဘေးအန္တရာယ်ဖြစ်၍ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ရန် အချက်များကို ပထမဦးစွာ လေးစားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါရောဂါနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အလုပ်သမားများမှာ အလုပ်ဆက်လက် လုပ်ကိုင်လိုပြီး အလုပ်ရှင်များမှာလည်း လုပ်ငန်း မပျက်ယွင်းလိုကြပေ။ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် လုပ်ငန်းရပ်ဆိုင်းနေသည်ကို နားလည်မှု ပေးရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့်လည်း အထည်ချုပ်လုပ်ငန်းများ အပါအဝင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၁၀၀ ကို သက်သာသော နှုန်းထားဖြင့် အလုပ်သမားများ၊ အလုပ်ရှင်များအတွက် ထုတ်ပေးရန် ကနဦး မတည်ငွေအဖြစ် ထူထောင်ထားရှိပြီး ဖြစ်သည်။ ထို့အပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် သက်သာသော နှုန်းထားများဖြင့် ချေးငွေများ ထုတ်ချေးပေးနေပြီး ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ တိုးချဲ့တီထွင် ဖန်တီးလုပ်ကိုင်ခြင်းဖြင့် အခက်အခဲများ လျော့ပါးသက်သာအောင် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မျက်မှောက်ကာလ ကြုံတွေ့နေရသော ရောဂါဘေးအန္တရာယ်နှင့် နောက်ဆက်တွဲ လူမှုစီးပွား ထိခိုက်မှု အခက်အခဲများမှာ တစ်ကမ္ဘာလုံး ကပ်ဘေး၊ တစ်ကမ္ဘာလုံး ကြုံတွေ့ရသည့် အခက်အခဲများဖြစ်၍ နိုင်ငံတော် အစိုးရက တတ်နိုင်သည့်ဘက်မှ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူ ပြည်သားများအနေဖြင့်လည်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရန် အချက်များနှင့် ဆောင်ရွက်ပေးနေသည့် အစီအမံများကို အလေးအနက်ထားကာ တိကျစွာ လိုက်နာပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘေးဒုက္ခနှင့် အခက်အခဲများကို ကျော်လွှားနိုင်အောင် လက်တွဲဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ