ကမ္ဘာပေါ်ရှိ လူပေါင်း သန်းသုံးထောင်ကျော်တို့ ကိုဗစ် -၁၉ ကပ်ရောဂါကို ရှောင်ကြဉ်ရေးအတွက် အသွားအလာ ကန့်သတ်ကာ အိမ်တွင်းမှာသာ နေထိုင်နေကြပြီဖြစ်သည်။ မိမိတို့ နိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေး စသည့် လူနေထူထပ် စည်ကားလှသော မြို့ကြီးများနှင့်တကွ မြို့ပေါင်းများစွာတို့မှာ လူသွားလူလာရှင်းလင်း ငြိမ်သက်လျက်ရှိနေကြသည်။ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း အတည်ပြု လူနာ နှစ်ဦးကို မတ်လ ၂၃ ရက်၌ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လူစုလူဝေးများနှင့် စည်ကားနေသည့် မြင်ကွင်းများ တစ်နေ့ပြီးတစ်နေ့ ရှင်းလင်းသွားခဲ့ခြင်းဖြစ်သည်။

 

COMID-19 သည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး ကူးစက်ပျံ့နှံ့မှု လွန်စွာမြန်ဆန်သည့်အတွက် လူစုလူဝေးများ မဖြစ်စေရန် တားမြစ်ခြင်း၊ အသွားအလာများ လျှော့ချကန့်သတ်ခြင်း၊ နေအိမ်အတွင်း၌သာ နေထိုင်စေခြင်း၊ အိမ်မှ မိသားစုဝင်များအတွင်းတွင်လည်း အကန့်အသတ်ဖြင့် နေရသည့် ကာလအတွင်း မည်သို့နေထိုင်ရမည်ကို ထုတ်ပြန်ပေးထားသည့် အကြုံပြု တိုက်တွန်းချက်များအတိုင်း တိကျစွာ လိုက်နာစေခြင်းအားဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြရသည်။ တစ်ဖက်တွင်လည်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေသည့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသူများ ထောင်နှင့်ချီ၍ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ ရောဂါကူးစက်ပျံ့နှံ့နိုင်မည့် အလားအလာလွန်စွာ မြင့်မားလာခဲ့ပြီး ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်ခဲ့ကြသည်။

 

“ရောဂါဖြစ်နိုင်ခြေ များသူများအနေနဲ့ အထူးဂရုတစိုက်နေကြဖို့ တိုက်တွန်းချင်ပါတယ်။ ပိုပြီးအ ရေးကြီးတဲ့အချက်ကတော့ စောစီးစွာ ဆေးကုသမှုခံယူနိုင်ရေး ဖြစ်ပါတယ်။ ရောဂါလက္ခဏာ ပေါ်လာပြီလို့ ထင်စရာ ဖြစ်လာတာနဲ့ ချက်ချင်း၊ နေ့မရွှေ့၊ ညမရွှေ့၊ အနီးဆုံး ကျန်းမာရေးဌာနသို့ သွားစေချင်ပါတယ်၊ စောစောပြော၊ စောစောသိ၊စောစောအကျိုးရှိ ဆိုတဲ့အတိုင်းပဲ ကျန်းမာရေးဌာနကို စောစော ပြောသင့်တာပြောပါ။ ...၊ ဒါဟာ ကိုယ့်လုံခြုံရေး၊ ကိုယ့်ပတ်ဝန်းကျင် ရဲ့ လုံခြုံရေး နှစ်ရပ်စလုံးအတွက် ဖြစ်ပါတယ်” ဟု COVID-19 ဖြစ်ပွား မှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ရာ COVID-19 ရောဂါတွင် စောစီးစွာ ကုသမှုခံယူခြင်းဖြင့် မိမိနှင့်တကွ မိမိ၏ မိသားစု၊ မိမိ၏ ပတ်ဝန်းကျင်အတွက် ရလဒ်ကောင်းများ ဖြစ်ထွန်းနိုင်မည် ဖြစ်သည်။

 

ယခုအခါ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာကြပြီး မိမိတို့၏ နေထိုင်ရာ ရပ်ရွာအသီးသီးသို့ ပြန်သွားကြရာတွင် နေအိမ် သို့မဟုတ် သတ်မှတ်နေရာများတွင်နေပြီး ၁၄ ရက်တာကာလ အသွားအလာ ကန့်သတ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြန်လည်ဝင်ရောက်လာသူ များကလည်း ကျန်းမာရေးဆိုင်ရာ အသိပေးနှိုးဆော်ချက်များနှင့်အညီ သက်ဆိုင်ရာများသို့ သတင်းပို့ခြင်း၊ အကန့်အသတ်များနှင့် အညီ နေထိုင်ခြင်းတို့ကို တာဝန်သိစွာလိုက်နာ ဆောင်ရွက်နေကြသည်။ သို့ရာတွင် အကန့်အသတ်ဖြင့် နေထိုင်ခြင်းနှင့်စပ်လျဉ်း၍ မသိနားမလည်သူများ၊ ဘာမှန်းမသိဘဲ ကြောက်ရွံ့သူများ၊ မလိုက်နာလိုသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ရန်ပြုသူများ စသည်တို့လည်း ရှိနေကြသည်။

 

၁၄ ရက်တာ ကာလအကန့်အသတ်ဖြင့် နေထိုင်ခြင်းသည် COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် လွန်စွာအရေးပါပြီး သက်ဆိုင်ရာပုဂ္ဂိုလ်နှင့်တကွ ၎င်း၏ မိသားစု၊ ပတ်ဝန်းကျင် အားလုံးအတွက် လွန်စွာအရေးကြီးသည်ကို နားလည်ကြရမည်ဖြစ်သည်။ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူတိုင်းတွင် ရောဂါပိုး ကူးစက်ပါရှိလာနိုင်ခြေ မြင့်မားသည့်အားလျော်စွာ သီးသန့်ခွဲခြား စောင့်ကြပ်ကြည့်ရှုခြင်းသည် အားလုံး၏ အကျိုးအတွက်ပင် ဖြစ်သည်။ နားလည်မှုရှိရှိ၊ တာဝန်သိသိ ပူးပေါင်းပါဝင်ကာ ၁၄ ရက် ကန့်သတ်စောင့်ကြည့်မှုကို ခံယူခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုး တိုက်ဖျက်မှုတွင် ပါဝင်နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း